Labor

SEN YU CLOTHlNG MYANMAR အထည်ချုပ်စက်ရုံကလုပ်သားတွေ လုပ်ခလျှော့ချခံရလို့ အလုပ်ရပ်ပြီး တောင်းဆိုနေ

SEN YU CLOTHlNG MYANMAR အထည်ချုပ်စက်ရုံကလုပ်သားတွေ လုပ်ခလျှော့ချခံရလို့ အလုပ်ရပ်ပြီး တောင်းဆိုနေ

အောက်တိုဘာ ၁၈ ရက်
အရုဏ်ဦး၊ Migrant Times
  • လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ SEN YU CLOTHlNG MYANMAR အထည်ချုပ်စက်ရုံကအလုပ်သမားတွေဟာ လုပ်ခလျှော့ချခံရလို့ဆိုပြီး လုပ်ငန်းခွင်အတွင်း တောင်းဆိုမှုတွေလုပ်နေကြတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ (FGWM) ထံက သိရပါတယ်။SEN YU CLOTHlNG MYANMAR အထည်ချုပ်စက်ရုံမန်နေဂျာနဲ့ တာဝန်ရှိသူတွေက မနေ့က စက်ရုံတစ်ရုံလုံးကို အစည်းအဝေးခေါ်ယူပြီး အလုပ်သမားအားလုံးရဲ့ ကျွမ်းကျင်ကြေးလို့ သတ်မှတ်ပေးထားတဲ့ (ဂရိတ်ကြေး)ကို မပေးတော့ဘဲ အထည်အရေအတွက်အလိုက် (တစ်ကပ်ကြေး)ဖြင့် ပြောင်းလဲသတ်မှတ်မယ်ဆိုတဲ့အကြောင်း ကြေညာလိုက်လို့ အလုပ်သမားတွေက ဒီနေ့ ကန့်ကွက်တောင်းဆိုနေတာဖြစ်ပါတယ်။
  • အလုပ်သမား ၁,၀၀၀ ဝန်းကျင်က အရင် ရထားတဲ့ ကျွမ်းကျင်ကြေး(ဂရိတ်ကြေး)ကိုပဲ ပြန်​ပေးဖို့ မနေ့ကတည်းက တောင်းဆိုနေကြတာလို့ FGWM က ဆိုပါတယ်။ဒီနေ့မှာ တခြားဌာနပေါင်းစုံက အလုပ်သမားတွေကလည်း လုပ်ငန်းခွင် တောင်းဆိုချက် ၁၀ ချက်ကိုပါ ထည့်သွင်းတောင်းဆိုခဲ့ကြပြီး အင်အားပိုများလာနေတယ်လို့ အဲဒီစက်ရုံလုပ်သားတစ်ဦးက ဆိုပါတယ်။” အခုထိတော့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ ညှိနေတုန်း၊ အဖြေမထွက်သေးဘူး ” လို့ သူက ပြောပါတယ်။အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေထဲမှာ ရက်မှန်ကြေး ကျပ် ၁၀,၀၀၀ တိုးပေးဖို့ ဥပဒေနဲ့အညီ ခွင့်ယူရာမှာ ဒေးကြေး မဖြတ်ဖို့၊ နှစ်အလိုက် နှစ်စဥ်ကျပ် ၁၀,၀၀၀ သတ်မှတ်ပေးပြီး လစဥ်ပေးဖို့၊ လုပ်ငန်းခွင်အငြင်းပွားမှုဖြန်ဖြေရေး WCC ကို အလုပ်သမားတွေ ဆန္ဒအတိုင်းဖွဲ့စည်းခွင့်ရဖို့၊ အခုတောင်းဆိုနေတဲ့အလုပ်သမားတွေကိုအလုပ်မဖြုတ်ဖို့စတဲ့အချက်တွေ ထည့်သွင်းထားပါတယ်။
  • အဲဒီစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး (Sinsay) နဲ့ P&VV၊ Cruzh ကုန်အမှတ်တံဆိပ်ချုပ်လုပ်နေကာ တခြားအမှတ်တံဆိပ်များစွာကိုလည်း ချုပ်လုပ်နေတယ်လို့ အလုပ်သမားများတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး FGWMက သတင်းထုတ်ပြန်ထားပါတယ်။အခုလို လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုအတွက် လုပ်ငန်းရှင်နဲ့ သက်ဆိုင်ရာ အမှတ်တံဆိပ်တို့မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးဖို့နဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်ပါက မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ (FGWM) မှ ဖော်ထုတ်သွားမယ်ဆိုပြီးတော့လည်း ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X