International Labor

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ သေဆုံးသွားတဲ့ ထိုင်းအလုပ်သမား ၈ ဦး ရုပ်အလောင်းကို ထိုင်းပြန်ပို့

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ သေဆုံးသွားတဲ့ ထိုင်းအလုပ်သမား ၈ ဦး ရုပ်အလောင်းကို ထိုင်းပြန်ပို့

အောက်တိုဘာ ၂၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ဟာမတ်စ် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမှာ ထိုင်းရွှေ့ပြောင်း အလုပ်သမား ၃၀ ဦး သေဆုံးသွားပြီး သေဆုံးသွားတဲ့ ထိုင်းအလုပ်သမား ၈ ဦးရဲ့ ရုပ်အလောင်းကို ပထမအသုတ်အနေနဲ့ သူတို့ရဲ့ မွေးရပ်မြေအသီးသီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။အောက်တိုဘာလ ၁၉ ရက်က အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ရှိ ထိုင်းသံအမတ်ကြီး မစ္စ Phannapa Chandrarom နဲ့အတူ အစ္စရေး အဆင့်မြင့်ကိုယ်စားလှယ်တွေက ဝမ်းနည်းခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပြီး ထိုင်းအလုပ်သမား ၈ ဦးရဲ့ ရုပ်အလောင်းကို Ben-Gurion လေဆိပ်ကို ပို့ဆောင်ခဲ့ပါတယ်။El Al Israel လေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၂၀ ရက်က ထိုင်းနိုင်ငံကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
  • ထိုင်းနိုင်ငံကို ပြန်ရောက်လာတဲ့ ရုပ်အလောင်းများကို ပြည်နယ်အသီးသီးမှာ ဘာသာရေးပွဲတွေ လုပ်ဆောင်ဖို့ ထိုင်းအစိုးရက ကူညီပံ့ပိုးသွားမယ်လို့လည်း သိရပါတယ်။သေဆုံးသူတွေအနက် တရားဝင် အလုပ်လုပ်ကိုင်သူတွေအတွက် လျော်ကြေးတောင်းခံတဲ့ စာရွက်စာတမ်းတွေ ပေးပို့ထားပြီး သေဆုံးသူရဲ့ ဇနီးသည်အား နောက်ထပ် လက်ထပ်ထိမ်းမြားမှုမပြုခင်အထိတစ်လလျှင် ဘတ် ၄၀,၀၀၀၊ သေဆုံးသူရဲ့ကလေးတွေကို အသက် ၁၈ နှစ်ပြည့်တဲ့အထိ လစဉ် ဘတ် ၈,၀၀၀ ကနေ ဘတ် ၁၂,၀၀၀ ခန့် အစ္စရေး အစိုးရက ပံ့ပိုး​ပေးမယ်လို့ သိရပါတယ်။
  • အစ္စရေးနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ထိုင်းလူမျိုး ၃၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၆ ဦး၊ ဓားစားခံအဖြစ် ဖမ်းဆီးခံထားရသူ ၁၇ ဦးရှိပြီး ထိုင်းအလုပ်သမား လူ ၈,၂၇၃ ဦး အိမ်ပြန်လာလိုကြောင်း၊ ကျန်တဲ့ ထိုင်းလူမျိုး ၁၁၅ ဦးက အိမ်မပြန်လိုဟု စာရင်းသွင်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကိုးကား-workpointtoday.com

Leave a Reply

Your email address will not be published. Required fields are marked *

X