Article

မျိုးချစ်ဝံသာနုပုံဖမ်းပြီး ဒီမိုကရေစီစနစ်ကို ဆန့်ကျင်နေသော စစ်တပ်

မျိုးချစ်ဝံသာနုပုံဖမ်းပြီး ဒီမိုကရေစီစနစ်ကို ဆန့်ကျင်နေသော စစ်တပ်

 မှိုင်းဝေ

စစ်တပ်ဆိုတာ အာဏာတည်မြဲရေးအတွက် အသုံးချခံရသဖြင့် အာဏရှင်တို့ရဲ့ သစ္စာခံဒေါက်တိုင် အင်အားစု တစ်ခုပါဘဲ။ ပြည်သူ့ကြားတွင် နေထိုင်နေသော ရဲဝန်ထမ်းများနှင့် မတူညီသည့်အချက်ဟာ စစ်တပ်မှာ တပ်ပိုင်လိုင်းခန်း အိမ်ယာ၊ ဈေး၊ ဆေးရုံနှင့် ကျောင်းများရှိပြီး စစ်တပ်မိသားစုဝင်များမှာ လူထုနှင့်သီးခြား နေထိုင်ရတဲ့ပုံစံက အရပ်ဖက် ပြည်သူတို့နဲ့ ဆက်ဆံရေးတိုးတက်မှုကို ဟန့်တား နေသလိုဖြစ်သည်။

စစ်တပ်အဖွဲ့အစည်း၏လက္ခဏာရပ်သည် တသွေးတသံတမိန့်ဖြင့် ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးတွင် လိုအပ်သလို ညွှန်ကြားအုပ်ချုပ်၊ စီးပွားရေးတွင်လည်း ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် လုပ်ကိုင်ကြပါသည်။ သခင်စိုး မှတ်ချက်ချသည့်အတိုင်း မြန်မာ့စစ်တပ်သည် “ဇာတိမမှန် မျိုးစေ့မမှန် သန္ဓေမမှန် ဖက်ဆစ်ဝမ်းကြာတိုက်ထဲမှာ ဘီအိုင်အေ အဖြစ်စခဲ့ပြီး အမျိုးဘာသာသနာအခြေခံ၊ ပဒေသရာဇ်ဧကရာဇ် သက်ဦးဆံပိုင်စနစ်၏အမွေခံ ဗမာ့ရိုးရာစစ်တပ်” ဖြစ်နေသည်။

တပ်မတော်သားမဖြစ်ခင် အခြေခံစစ်သင်တန်းထဲက အမိန့်နာခံတတ်စေရန်အပြန်လှန်မေးခွန်း မထုတ်ဘဲ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်တတ်ရန် အဓိကလေ့ကျင့်ပေးခဲ့သလို စည်းကမ်းများဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ကာ အမိန့် နာခံတတ်သည့် အလေးအထကို မွေးမြူ ရိုက်သွင်းပေးခဲ့သည်။ အရိုးစွဲအောင် လေ့ကျင့်ပေးထားတော့ အမိန့်ဆိုတာနဲ့ အမှန်အမှား မစဉ်းစား တော့ပဲ နာခံတတ်တဲ့ အလေ့ အကျင့်ကနေ အလေ့အထ ဖြစ်နေတယ်။ လက်အောက် ငယ်သားတွေမှာ နိုင်ငံရေးရည်မှန်းချက်မထားရှိဘဲ ခေါင်းဆောင်ဆန္ဒအတိုင်း အမိန့်ပေးသမျှ နာခံဆောင်ရွက်ကြတတ် တဲ့ အဓိကအကြောင်းအရင်းကတော့ မိမိတို့ ခေါင်းဆောင်များကို အစိုးရလို့ယုံကြည်ထားတယ်လို့ တပ်မတော်သား (ဟောင်း) တစ်ဦး ကပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ဗမာ့လွတ်လပ်ရေးတပ်မတော်အနေနဲ့ အမြဲတမ်း စဉ်ဆက်မပြတ် လိုက်နာကျင့်သုံး ခံယူသွားကြရမယ့် အခြေခံမူကြီး ၄ ရပ်ကို BIA စတင်စုဖွဲ့စဉ် ကတည်းက အောက်ပါ အခြေခံမူကြီး ၄ ရပ်ကို ချမှတ်ပြဋ္ဌာန်းခဲ့ကြပါတယ်။

၁။ နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော်

၂။ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့ တပ်မတော်

၃။ နိုင်ငံရေးမှာ ဝင်မစွက်တဲ့ တပ်မတော်

၄။ နိုင်ငံနဲ့ ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော်

ဖြစ်ရမယ်လို့ တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ခဲ့ကြပါတယ်။

‌‌၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကစပြီး ဗမာစစ်တပ်ဟာ အာဏာရူး စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း လက်အောက် ရောက်ရှိခဲ့ပြီးတဲ့နောက် ဗိုလ်ချုပ်အောင်ဆန်းတို့ တည်ထောင်ခဲ့စဉ်က တပ်မတော်ရဲ့ မူလအခြေခံမူကြီး ၄ ရပ်နဲ့ သွေဖည်ခဲ့ပြီး စစ်အာဏာရှင်စနစ် စတင်ပေါက်ဖွား အမြစ်တွယ်ခဲ့ရပါသည်။

 

ဗိုလ်ချုပ်နေဝင်းက အင်္ဂလိပ်ဘာသာစကားသည် ဗြိတိသျှကိုလိုနီခေတ်ကို ပြန်ပြောင်း အောက်မေ့စေတယ် ဆိုပြီး အမုန်းစကားဝါဒဖြန့်ချီကာ ပုဂ္ဂလိက မူလတန်းကျောင်းများ တွင် အင်္ဂလိပ်စာ မသင်ကြားရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အာဏရှင်သည် သတင်းဖြတ်တောက် ပိတ်ဆို့သည့်စနစ်ကို စတင်ပြီး တက္ကသိုလ်ကျောင်းများတွင် အင်္ဂလိပ်စာဖြင့် သင်ကြားပို့ချခြင်းကို မပြုရန် တားမြစ်ခဲ့သည်။ လူထုအား နိုင်ငံခြားမှ တွေးခေါ်မြော်မြင်မှုများ မရှိစေရန်၊ နိုင်ငံခြား တိုင်းပြည်များ၏ တိုးတက်နေပုံများ အတုမယူနိုင်ရန် အာဏရှင်က ကြံရွယ်ပြီး ပိတ်ဆို့အထီးကျန်ထား ခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ အမျိုး – ဘာသာ – သာသနာဆိုတဲ့ ကြွေးကြော်သံကိုလွှင့်ပြီး အာဏာရှင်စနစ်ကို ဖုံးကွယ်ခဲ့ကြပါသည်။

­­­­ဆောင်ပုဒ်

တော်လှန်ရေးကာလနဲ့ ဖဆပလကာလ မဆလကာလတွေမှာ ‘ပြည်သူသာအမိ ပြည်သူသာအဖ’ ဆိုတဲ့ ဆောင်ပုဒ်ကို တပ်မတော်သားတွေအတွက် အသုံးပြုခဲ့ပြီး ၁၉၈၈ ပြည်သူ့ အရေးတော်ပုံကြီး ပြီးဆုံးတဲ့ကာလနောက်ပိုင်း ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ချုပ်စောမောင်ဆီက အာဏာသိမ်းပြီးတဲ့နောက် ‘တပ်မတော်သာအမိ တပ်မတော်သာအဖ’ ဆိုတာကို စစ်သားတွေ အတွက် ဆောင်ပုဒ်အဖြစ် ပြောင်းလဲပစ်ခဲ့ကာ စစ်သားမှန်သမျှကို (Brainwash) လုပ် ဝါဒဖြန့်ချီကာ အရင်က အယူအဆဟောင်းကို ချေဖျက်ပြီး သူ့ရဲ့အယူအဆကို ရိုက်သွင်းလိုက်တာပါသည်။

စစ်အစိုးရ လက်ထက်က တပ်မတော်သည် အမိ၊ တပ်မတော်သာ အဖဟု ကြွေးကြော်ခဲ့သော်လည်း ယခုအခါ တပ်မတော်သည် ပြည်သူများ၏ သားသမီးများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု တပ်မတော်သာ ဖြစ်ကြောင်း မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၆၉ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား မိန့်ခွန်း၌ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သော်လည်း ပကတိမြန်မာ့တပ်မတော် သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း မှစ၍ လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထိ ကာကွယ်ရေး ဦးစီးချုပ်ပေါင်း ကိုးဦးအထိ ရှိခဲ့ပြီး ဒုတိယမြောက် ကာကွယ်ရေး ဦးစီးချုပ် စမစ်ဒွန်းမှ လွဲ၍ ကျန်သူများမှာဗမာ လူမျိုးချည်းသာ ဖြစ်ပြီး၊ ထို့ပြင် လုပ်ပိုင်ခွင့် အာဏာရှိသည့် ရာထူးနေရာများ၌လည်း တိုင်းရင်းသားများထက် ဗမာလူမျိုးများ အား အဓိက ခန့်အပ်ထားပါသည်။

ရေဒီယို

မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်ကျော်ဆန်း ရဲ့ အဲဒီကြွေးကြော်သံဟာ ပဲ့တင်ကျန်နေဆဲပါ။ကချင် လွတ်လပ်ရေး အဖွဲ့(KIO)ရဲ့ ရုပ်သံဌာနခွဲ စီမံမူအောက်မှာရှိတဲ့ လိုင်ဇာ FM ဟာ လိုင်ဇာ၊ ဝိုင်းမော်၊ ဗန်းမော်၊ မြစ်ကြီးနား၊ ဖားကန့် အထိ ရောက်ပြီး စစ်သတင်းကို အဓိကထား လွှင့်ပါသည်။ စစ်သတင်းပြီးနောက်မှာတော့ နိုင်ငံတကာ သတင်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ သဘောထား ကြေညာချက် တွေကို အသံလွှင့်ဖတ်ပြပါတယ်။ တနေ့ကို အပိုင်း ၂ ပိုင်းနဲ့ လေလှိုင်းလွှင့်ချိန် စုစုပေါင်း ၁၁ နာရီ ရှိပါသည်။

ပြင်ဦးလွင် အခြေစိုက် မြဝတီ လက်အောက်ခံ သဇင် FM က မြောက်ပိုင်းတိုင်းစစ်ချုပ်ဌာချုပ်( မပခ) မှာ စက်ထိုင်ပြီး လိုင်ဇာ FM ထုတ်လွှင့်တဲ့ လှိုင်းအတိုင်း အားကောင်းကောင်းနဲ့ အသံလွှင့် ပါသည်။ သဇင် FM ရဲ့နည်းကတော့ဖြင့် ဒီလိုပါလို့ နားထောင်ဖူးသူ တယောက်က ပြောပါတယ်။ KIA စစ်သားတွေ ရှေ့တန်းမှာ ထိခိုက် ဒဏ်ရာရရင် ဆေးဝါးမရှိလို့ အိပ်ဆေးထိုးပြီး ထားခဲ့ပါသည်။ မြန်မာ့ တပ်မတော်ကပဲ ဆေးဝါးကုသ ပေးပြီး ဆေးမရှိလို့ သေမယ့်အစား အလင်းဝင်ကြ၊ မြန်မာ့ တပ်မတော်ရဲ့ ကုသပေးတာကို ခံယူကြပါ ဆိုပြီး ကြေညာပါသည်။ KIO ကိုလည်း ဆူပူ သောင်းကျန်းသူလို့ ကချင်လို အဓိပ္ပာယ်ရတဲ့ Kasu Kabrawng KIO hpung လို့ သုံးပြီး တိုက်ခိုက်တာတွေ လုပ်တယ်လို့ သူကဆိုပါသည်။

သတင်းစာထဲမှာပါတဲ့ သတင်းတွေ၊ ဆောင်းပါးတွေကိုလည်း ကချင်လို ဘာသာပြန်ပြီး ထုတ်လွှင့်ပါသည်။ အဲဒီမှာ KIO မကောင်းကြောင်းတွေလည်းပါတယ်လို့ ပြောပါတယ်။သဇင် FM ကို နားထောင်ရင်း စိတ်ဆိုး ဒေါသဖြစ်တဲ့ ဒေသခံတွေလည်း ရှိကြောင်း၊ လိုင်ဇာ FM ကတော့ မြန်မာ စစ်တပ်ကို ရန်သူလို့ မခေါ်ကြောင်း၊ အစိုးရစစ်တပ်လို့ပဲ သုံးစွဲကြောင်းလည်း ပြောပါသေးတယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးကပြောပါသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စစ်တပ်ထိန်းချုပ်ထားတဲ့ သဇင် – FM မီဒီယာက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်နေတဲ့ “ပြည်သူ့ကြားက ပြည်သူ့စကား”ဆိုတဲ့ အစီအစဉ်ဟာ ဝါဒဖြန့်သတင်းတွေကို ထုတ်လွှင့်နေတာလို့ ရန်ကုန်တိုင်းဒေသခံတစ်ဦးက ပြောပါသည်။ အစီအစဉ်တွေထဲမှာ လွတ်လပ်တဲ့ သတင်း မီဒီယာတွေကို ပြည်ဖျက်မီဒီယာတွေလို့ ဖော်ပြသလို၊ NUG နဲ့ PDF အဖွဲ့တွေက ပြည်သူတွေ စားဝတ်နေရေးခက်အောင် လုပ်နေတယ်ဆိုတဲ့ အမုန်းစကား အကြောင်းရာတွေကို ထုတ်လွှင့်တာလည်း တွေ့ရပါသည်။

အသံလွှင့် အစီအစဉ်ထဲမှာ သီချင်းပေါင်းစုံ ထုတ်လွှင့်ပေးတဲ့အတွက် သီချင်းဝင်နားထောင်တဲ့သူတွေ ရှိပြီး၊ ဒီကြားထဲမှာ ဝါဒဖြန့်နေသလို ရည်ရွယ်ချက်ရှိရှိ သတင်းမှားဖြန့်တာ၊ ဝါဒဖြန့်သတင်းတွေ လွှင့်တာကိုလည်း လုပ်နေတာလို့အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ – စစ်ကောင်စီဟာ သတင်းအမှောင်ချဖို့နဲ့ စစ်တပ်ထဲက လူတွေပါ တကယ့်ဖြစ်ရပ်မှန် သတင်းတွေကို မသိအောင် လုပ်နေတာလို့ မီဒီယာကို ဖြေကြားသည်။

လူမျိုးရေး/ဘာသာရေး

နဝတ/နအဖ တပ်မတော်အစိုးရလက်ထက် လူမျိုးရေး၊ဘာသာရေး ခွဲခြားဖိနှိပ်မှုတွေကို တပ်ထဲမှာပါ ပြုလုပ်ကြတယ်။ ဗုဒ္ဓဘာသာမဟုတ်ဘဲ ဘာသာခြားအရာရှိတွေဆို ရာထူးတိုးမပေး လက်ရှိရာထူးနဲ့ပင်စင်သွားတဲ့အထိ နေခဲ့ရတယ်လို့ တပ်မတော်သား အရာရှိ(ငြိမ်း)က ပြော ပါတယ်။ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဒေါ်အောင်ဆန်းစုကြည်ကို ၎င်းအိမ်ထောက်ဖက်ဟာ နိုင်ငံခြားသားဖြစ်နေသည်ကို ရည်ရွယ်ထိုးနှက် တိုက်ခိုက်မှုတွေ လုပ်လာသလို၊ ပြည်ပနိုင်ငံသားနှင့်လက်ထပ်ခြင်းဟာ နိုင်ငံတော် သစ္စာဖောက် ၊ အမျိုးသား သစ္စာဖောက်အဖြစ် တပ်မသားတွေနဲ့ပြည်သူ့ကို အမုန်းစကားဝါဒဖြန့်ချီခဲ့ပါသည်။

ပြည်တွင်းပြည်ပ အတိုက်ခံများ၏ လှုပ်ရှားမှုများသည် ပြည်ပနိုင်ငံများ ပံပိုးမှု ကြောင့်ပေါ်ပေါက် လာတယ်ဆိုပြီး ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ၊ နိုင်ငံတော်၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ၊ ပြည်တွင်းပြည်ပ အဖျက်သမားများကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ ဆိုတဲ့ ပြည်သူ့သဘောထားကို နိုင်ငံပိုင်ရုပ်သံ၊ နေ့စဉ်ထုတ်သတင်းတွေဖော်ပြပြီး အမုန်းစကားများဝါဒဖြန့်ချီကြတာပါ။

၂၀၁၇ခုနစ်၊အောက်တိုဘာလ၃၀ရက်နေ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် တပ်မြို့ စစ်သားများနှင့်တပ်မိသားစုများ ပြုလုပ်တဲ့ တရားပွဲမှာ ထေရ်ကြီးဝါကြီး ဗုဒ္ဓဘာသာ အကျော်အမော် ရဟန်းတပါး ဖြစ်သည့် သီတဂူဆရာတော် အရှင်ဥာဏိဿရ က သီရိင်္ကာနိုင်ငံ၏ ဒုဌဂါမဏိဇာတ်တွင် ဒုဌဂါမဏိမင်းသည် ကျေးကုလားများကို နိုင်ငံအတွက် သန်းနှင့်ချီပြီး သတ်ဖြတ်ခဲ့၍ ထိုအကုသိုလ်အတွက် စိုးရိမ်ပူပန်မှုဖြစ်နေချိန်တွင်  သံဃာတော်များက နန်းတော်သို့ ကြွရောက်လာပြီး သူသတ်ဖြတ် လိုက်ခဲ့သည့် သန်းပေါင်းများစွာတွင် ငါးပါးသီလ တည်ဆောက် သူတယောက်က တစ်ယောက် ၊ ငါးပါးသီလ နှင့်သရဏဂုံ ဆောက်တည်သူက တစ်ယောက်သာ ပါကြသည် ဖြစ်၍ လူပီသသူ ၊လူစင်စစ် မှာတစ်ယောက်နှင့် တစ်ပိုင်းသာဖြစ်သည်ဟူသော ဇာတ်ကြောင်းကို ဟောပြော ကိုးကား၍ စစ်တပ် နှင့် သံဃာ မဟာမိတ်များဖြစ်ကြောင်း စစ်တပ်သည် နိုင်ငံအတွက်သာ မဟုတ်ဘဲ ဘုရားသာသနာ အတွက် စစ်တိုက်ရကြောင်း နှင့်မြန်မာ စစ်တပ်မှ စစ်သားများသည် နိုင်ငံနှင့်သာသနာအတွက် စစ်တိုက်ခြင်းဖြစ်ပါစေရန် တိုက်တွန်း‌ ကြောင်း ပြောကြားပြီး တရားပွဲကို နိဂုံးချုပ်ခဲ့သည်။

၂ဝ၂ဝရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းနေတယ်လို့ စွပ်စွဲချက်ဖြင့် စတုတ္တအကြိမ် စစ်တပ် အာဏသိမ်းမှု ပေါ်ပေါက်လာခဲ့ပါတယ်။ စစ်တပ်က မဲစာရင်းမှားယွင်းမှုဟု အစောပိုင်းမှာ အကြောင်းပြချက်ပေး နေသော်လည်း နောက်ပိုင်း အမျိုးဘာသာ သာသနာအရေး၊ ဗုဒ္ဓဘာသာ အစော်ကားခံရခြင်း၊ တိုင်းတပါး လွှမ်းမိုးခြင်း စသည့်အမျိုးသားရေး အကြောင်းအရာများကို ဇောင်းပေး ပြောဆိုလာတာကို တွေ့ရပါတယ်။

အာဏသိမ်းပြီး (၇)လအကြာ ၂၀၂၁ ဩဂုတ်လတွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ငါးနှစ် အရပ်သားအစိုးရအုပ်ချုပ်ခဲ့သည့် ကာလအတွင်း ဗုဒ္ဓဘာသာ ဝင်များ အတွက် စိတ်အားညှိုး ငယ်ဖွယ်ရာများ ကြုံတွေ့ခဲ့ရတယ်လို့ ထည့်သွင်း ပြောကြားသည်။ စစ်တပ်လိုလားသည့် မီဒီယာများနဲ့ဝါဒဖြန့်ချီရေးသမားများကို  သတင်းစာ ရှင်းလင်းပွဲ ဖိတ်ကြားပြီး တော်လှန်ရေးအုပ်စုများကို  ဘာသာရေး၊လူမျိုးရေး၊ အမျိုးသားရေးတို့ကို အခြေခံကာ အကြမ်းဖက်သမားများအဖြစ် ပုံဖော်စွပ်စွဲပြီး  ပြည်သူ့ပြန်ကြားရေးသဖွယ် ဖြေကြား ခဲ့သည်။

စစ်တပ်အသိုင်းဝိုင်းနှင့် စစ်တပ်ထောက်ခံသူတို့တွင်ကြား အာဏဆက်လက် တည်မြဲရေး အတွက် ရဲမေ(စစ်သားဇနီး)များကို ပါ Facebook, Telegram များတွင်သတင်းအမှားများနှင့် ဝါဒဖြန့်ချီမှု များကို နေ့စဉ်လုပ်ဆောင်ခိုင်ပြီး တိုင်းစစ်ဌာနချုပ်အလိုက် အထက်အရာရှိများ အစီရင်ခံစာ တင်ပြရန် ညွှန်ကြားထားသည်ဟု CDM ဗိုလ်ကြီးတစ်ဦး မီဒီယာကို ဖြေကြားသည်။

၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလုံနေသော သံဃာတော်များနှင့် ပြည်သူများအနက်မှ ကျေးရွာသား ၃၀ ဦးနှင့် သံဃာတော် ၃ ပါး တို့ကို ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ဘုန်းကြီးကျောင်း၏ နံရံဘက်နောက်ခံထားပြီး ရက်စက်စွာသတ်ဖြတ်ခံရတာကို တော်လှန်ရေးတပ်ဖွဲ့များက ဘုရားမရှိ တရားမရှိ သံဃာတော်များကို သတ်ဖြတ်နေတယ်လို့ စစ်ကောင်စီမီဒီယာများမှာ စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။

စစ်တပ်ဟာ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော်ဖြစ်တယ်။ မျိုးချစ်တပ်မတော် ဖြစ်တယ်ဆိုတဲ့ အယူအဆကို ဇွတ်သွတ်သွင်း တည်ဆောက်ခဲ့ကြပါတယ်။ ကိုလိုနီ နယ်ချဲ့ခေတ်တုန်းက မျိုးချစ်ဝံသာနုပုံကို ဖမ်းပြီး ဒီမိုကရေစီစနစ်ကို တုံ့ပြန်ဆန့်ကျင်ဖို့ အမျိုးသားရေးဝါဒကို တည်ဆောက်ခဲ့ကြတာပါ။လူကိုလူချင်းသတ်တဲ့စစ်သားကြီးတွေလဲ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်း ကံတွေသိလို့ ဖြစ်စေ မသိလို့ဖြစ်စေ ကျူးလွန်ခဲ့တာတွေကိုဥာဏ်နဲ့သေချာစဉ်းစားပြီး အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်သည့် သမ္မာသဒ္ဓါရှိတဲ့ ဗုဒ္ဓဘာသာစစ်စစ်အဖြစ် သမိုင်းမသေတဲ့ပြည်သူ့ချစ်တဲ့စစ်သားအဖြစ်ပြောင်းလဲမှုအချိန်တန်နေပြီလို့စစ်ကိုင်းတိုင်းထဲကစစ်ဘေးရှောင်အဘိုးအိုတစ်ဦးကပြောပါသည်။

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

X