Article

‘ရွှေ့ပြောင်းအလုပ်သမားအရေး ရင်လေးမိသည်'(အပိုင်း -၁)

‘ရွှေ့ပြောင်းအလုပ်သမားအရေး ရင်လေးမိသည်'(အပိုင်း -၁)

ထူးချစ်/Migrant Times
  • တစ်နိုင်ငံကနေ တစ်နိုင်ငံကို ရွှေ့ပြောင်းသွားလာအခြေချနေထိုင်တယ်ဆိုတာ အများစုက ကိုယ့်ရဲ့ မိခင်နိုင်ငံမှာ အလုပ်အကိုင်ရှားပါးတာ၊ လုပ်အားခနဲ့ လူမှုဖူလုံရေးအကျိုးခံစားခွင့်နည်းပါးတာတွေကြောင့် အလုပ်အကိုင် ဒါမှမဟုတ် စီးပွားရေးအခွင့်အလမ်းကိုရှာဖွေဖို့၊ မိသားစုနဲ့ပူးပေါင်းနေထိုင်ဖို့၊ ပညာသင်ကြားဖို့ပါ။ဒါပေမဲ့ တချို့နိုင်ငံတွေမှာတော့ ပဋိပက္ခ၊ ဖိနှိပ်မှု၊ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု​တွေကနေလွတ်မြောက်ဖို့ ​ရွှေ့ပြောင်းနေထိုင်ကြသူတွေလည်း ရှိပါတယ်။သန်းနှင့်ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ မိခင်နိုင်ငံရဲ့ မလုံခြုံမှုကြောင့် နီးစပ်ရာနိုင်ငံတွေ အဓိကအားဖြင့် ထိုင်းနဲ့ မလေးရှာနိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေကြတာပါ။နိုင်ငံအသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ ၊ လူကုန်ကူးခံရတာ ၊ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ( MoU )အလုပ်သမားပို့ဆောင်ရေးဝန်ဆောင်မှု ပြဿနာ စတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
  • “၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ အခုအထိ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MoU ) နဲ့ လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြဿနာတွေကိုပဲ အဓိကဖြေရှင်းပေးနေရတယ် “လို့ ဘန်ကောက်အခြေစိုက် MoU အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးအောင်မျိုးသန့်က ပြောပါတယ်။MoU စနစ်နဲ့ နိုင်ငံခြားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာ အလုပ်သမားတွေဟာ မိမိတို့နိုင်ငံမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေနဲ့ မကိုက်ညီတဲ့ အလုပ်အမျိုးအစား၊ နေ့စားလုပ်ခ၊ အချိန်ပိုကြေးရရှိမှုနဲ့ လုပ်ငန်းခွင်နေရာထိုင်ခင်းတွေကြောင့် တရားစွဲဆိုမှု​တွေအထိ ပြူလုပ်နေရပါတယ်။ထိုင်းနိုင်ငံမှာ R- Demand ဒါမှမဟုတ် အခုခေတ်စားနေတဲ့ R စာချုပ် ( ပါးစပ်” အာ” နဲ့ သာ ချုပ်ဆိုခဲ့တဲ့ MoU စာချုပ်ကို ခေါ်ဆိုကြတာဖြစ်ပါတယ်။ )ကို ထိုင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေနဲ့ပူးပေါင်းပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လိမ်လည်ခေါ်ယူသူတွေ များပြားနေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
  • ထိုင်းလုပ်ငန်းရှင်တွေဟာ လိုအပ်တဲ့ အလုပ်သမားဦးရေထက် ပိုပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံကို ခေါ်ယူနေကြတာမျိုးလည်း အလုပ်သမားတွေက ကြုံတွေ့နေရပါတယ်။ထိုင်းနိုင်ငံကို ရောက်ရှိမှသာ ထိုင်းလုပ်ငန်းရှင်က လက်မခံတော့ဘူးလို့ အကြောင်းပြပြီး အလုပ်လုပ်ကိုင်ခွင့်လုပ်မှတ် ( Work permit) လုပ်ပေးပြီးနောက် တခြားလုပ်ငန်းတွေကို ပို့နေတယ်လို့ သိရပါတယ်။အလုပ်လုပ်ဖို့ အဆင်သင့်မရှိဘဲ ပွဲစားခ ( ဝန်ဆောင်မှုစရိတ်) ရချင်တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လိမ်လည် ခေါ်လာတာဖြစ်ပါတယ်။မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို အလုပ်သမားပို့ဆောင်ပေးနေတဲ့ တချို့ အေဂျင်စီတွေအနေနဲ့ ဆောက်လုပ်ရေးနဲ့ လျှေက်ထားရင် ထိုင်းနိုင်ငံကို အမြန်ဆုံး ထွက်ရတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံကို ခေါ်ယူနေကြပါတယ်။
  • “ထိုင်း-မြန်မာ အလုပ်အကိုင်ရှာဖွေရေးအေဂျင့်တွေအနေနဲ့ ထိုင်းနဲ့ မြန်မာအစိုးရက ၂၀၀၃ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်မှာ တစ်ကြိမ် ဖြည့်စွက်ပြင်ဆင်ခဲ့တဲ့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာပါ အလုပ်သမားခန့်ထားရေးသဘောတူညီချက် ၂၄ ချက်ကို လိုက်နာကျင့်သုံးမှု ပျက်ကွက်နေတယ် ” လို့ အလုပ်သမားအခွင့်အရေးရှေ့နေကြီး ဦးအောင်မျိူးသန့်က ဆိုပါတယ်။နှစ်နိင်ငံနားလည်မှု စာချွန်လွှာ ( MoU) လုပ်ငန်းစဉ်အရ နိုင်ငံခြားတိုင်းပြည်ကို အလုပ်သမားစေလွှတ်ရင် ဆိုက်ရောက်နိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ်လုပ်ကိုင်မယ့် အလုပ်သမားကိုလုပ်ငန်းခွင် ရောက်အောင်ပို့ပေးရမှာပါ။ သက်ဆိုင်ရာနိုင်ငံက စာချုပ်ပါအတိုင်း သဘောတူညီထားတဲ့ အချက်အလက်တွေဆောင်ရွက်ပေးခြင်းရှိ၊ မရှိကို အချိန် တစ်ပတ်ခန့်စောင့်ကြည့်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ တချို့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ ထိုင်းနိုင်ငံတွင်း လုပ်ငန်းခွင်အထိ လိုက်မပို့ဘဲ ထိုင်း-မြန်မာနယ်စပ်အထိသာ ပို့လိုက်ပြီး ကိုယ်စားလှယ် မလိုက်လာတာကြောင့် ထိုင်း ပွဲစားတွေက ပွဲစားခ ( ဝန်ဆောင်ခ) ထပ်မံယူပြီး အလုပ်အကိုင်ရှာဖွေပေးခြင်း နဲ့ လူကုန်ကူးတာမျိုးအထိ ဆောင်ရွက်နေတာမျိုးလည်း ရှိနေပါတယ်။
  • ထိုင်းနိုင်ငံအနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား​ ေတွထိုင်းနိုင်ငံတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေပါက ကာကွယ်စောင့်ရှောက်မှုပေးဖို့ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ မှာ တိတိကျကျ ရေးသားထားပေမယ့် ထိုင်းလုပ်ငန်းရှင်တွေနဲ့ အစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ပေးမှု လျော့နည်း၊ ပျက်ကွက်နေတယ်လို့လည်း သိရပါတယ်။မကြာသေးခင်က ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ( FED)ရုံးကို မြန်မာနိုင်ငံမှ MoU စနစ်နဲ့ အလုပ်လာရောက်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၅ ဦးက ဆက်သွယ်အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။”ကျွန်တော်တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်ထဲက သစ်သီးထုတ်ပိုးတဲ့ စက်ရုံမှာလုပ်ဖို့ ဆိုပြီး မြန်မာအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနဲ့ စာချုပ်ပါတယ်။ အမြန်ထွက်လို့ ရအောင် ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ရတာပါ။ မြန်မာအေဂျင်စီ တာဝန်ခံက ကျွန်တော်တို့ကို အသီးအရွက်ထုတ်ပိုးစက်ရုံ မှာ လုပ်ရမယ်လို့ ပြောပေမယ့် စာချုပ်ထဲမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ရမှာလို့ ရေးထားပါတယ်။ မြန်မာငွေ ၂၅ သိန်းကနေသိန်း ၃၀ ကျော်အထိ ပေးခဲ့ရတာပါ။ ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက ထိုင်းကိုရောက်ပြီး အားလုံး ဒုက္ခတွေရောက်နေပါတယ်။ မြန်မာပြည်ကို ပိုက်ဆံ ပြန်မှာပြီး စားနေရပါတယ်”လို့ မကွေးတိုင်းဒေသကြီး၊ မြို့ဖြူမြို့နယ်မှ ရွှေ့​ပြောင်းမြန်မာအလုပ်သမားတစ်ဦးက အကူအညီတောင်းလာတာပါ။
  • သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့အရေးကိစ္စကို စနစ်တကျဆောင်ရွက်မယ်ဆိုရင် အလုပ်သမားအရေး ကျွမ်းကျင်ပညာရှင်​ေတွ၊ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်လိုသူတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs)တွေ၊အလုပ်ရှင်တွေ၊ အလှူရှင်တွေနဲ့ အစိုးရတွေ စနစ်တကျပူးပေါင်းဆောင်ရွက်မှုဟာ လွန်စွာအရေးကြီးပါတယ်။အလုပ်သမားတစ်ဦးချင်းစီတိုင်းကလည်း စည်းလုံးညီညွတ်ခြင်း စိတ်ဓာတ်နဲ့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးဖို့ ပိုပြီးအရေးကြီးပါတယ်။ဒါ့ကြောင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို နည်းအမျိုးမျိုးနဲ့ ခေါင်းပုံဖြတ်နေတဲ့အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို အရေးယူဖို့ လိုအပ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X