Article

ရွေ့ပြောင်းအလုပ်သမားအရေး ရင်လေးမိသည် ( ဆောင်းပါး အပိုင်း ၂)

ရွေ့ပြောင်းအလုပ်သမားအရေး ရင်လေးမိသည် ( ဆောင်းပါး အပိုင်း ၂)

  • မြန်မာနိုင်ငံသားများသည် ခေတ်အဆက်ဆက်ကပင် နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက် လုပ်ကိုင် စားသောက်ခဲ့ကြသည့် လူမျိုးများဖြစ်သည်။ အဓိကအားဖြင့် နယ်စပ်ဖြတ်ကျော်မှု လွယ်ကူပြီး စရိတ်စက ကုန်ကျမူနည်းသည့် အိမ်နီးချင်းထိုင်းနိုင်ငံတွင်းသို့ သန်းနှင့်ချီသော မြန်မာနိုင်ငံသားများ ဝင်ရောက် လုပ်ကိုင်နေကြသည်။အဓိကအားဖြင့် သဘာဝဘေးအန္တရယ် (နာဂစ်-ဆိုနာမီတို့အပြင် ပြည်တွင်းနှင့် ဒေသတွင်းဆိုင်ရာ နိုင်ံငံရေးမတည်ငြိမ်မှုနှင့် ပဋိပက္ခများ၊ မလုံခြုံမှုများ၊ ကြီးမားဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှု များမှ ရှောင်ရှားလွတ်မြောက်ရန် ရွေ့ပြောင်းနေထိုင်ကြသူများလည်း ရှိကြသည်။မြန်မာရွေ့ပြောင်းအလုပ်သမား အများစုသည် ဒေသခံထိုင်းနိုင်ငံသားများ မလုပ်ကိုင်လိုသည့် အလုပ်များဖြစ်သည့် (D ၃ လုံး) ညစ်ပတ်ပေရေသည့်အလုပ် ၊Dirty) ပင်ပန်းကြမ်းတမ်း ခက်ခဲသည့် အလုပ် (Difficult) ၊ဘေးအန္တရာယ်လွယ်ကူစွာရရှိနိုင်သည့် လုပ်ငန်းများ (Danger) နှင့် အိမ်အကူ (အိမ်ဖော်) လုပ်ငန်းများကိုသာ အဓိက လုပ်ကိုင်နေကြရသည်။ သန်းနှင့်ချီသည့် ရွေ့ပြောင်းအလုပ်သမား များကို လက်ခံထားသည့်နိုင်ငံအနေနှင့် နေ့စဥ်ဖြစ်ပျက်ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းပေးနေရသည်။၊ မတူညီသည့် ယဥ်ကျေးမှုဓလေ့ထုံးစံနှင့် ဘာသာစကား အခက်အခဲများ၊ ခွဲခြားဆက်ဆံခံရမှုများ၊ အလုပ်ရှင်နှင့် အလုပ်အကိုင်ရှာဖွေပေးသည့် ပွဲစားများနှင့် ဌာနဆိုင်ရာ အစိုးရ ဝန်ထမ်းများ၏ အဂတိလိုက်စာမှုများ၊ အလုပ်သမားအခွင့်အရေးနှင့် အထွေထွေ လူ့အခွင့်အရေးကိစ္စ များကို နေ့စဥ်နှင့်အမျှ မြန်မာရွေ့ပြောင်းအလုပ်သမားများအနေဖြင့် ရင်ဆိုင်ခံစားနေကြရသည်။
  • မြန်မာနိုင်ငံသည် စစ်အာဏာရှင်အဆက်ဆက် လက်ဆင့်ကမ်း ဆင့်ကဲ့အုပ်ချုပ်ခဲ့သည့် နိုင်ငံဖြစ် သည်နှင့်အညီ၊ ရွေ့ပြောင်းအလုပ်သမား အရေးကာကွယ်ရေးကိစ္စများတွင် နည်းပညာ၊ မူဝါဒနှင့် အလုပ် သမားအရေးကို စိတ်စေတနာရှိရှိ ဆောင်ပေးနိုင်မှုများ လွန်စွာအားနည်းခဲ့သည်။ ရွေးကောက်ခံအစိုးရများ စီမံအုပ်ချုပ်ခဲ့စဥ်ကာလကလည်း အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်ပေးခြင်း လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းများကို မတွေ့ရှိခဲ့ရပေ။အလုပ်သမားအရေးကာကွယ်ပေးခြင်းနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေများ ရွေ့ပြောင်းအလုပ်သမားအရေး ကာကွယ်ပေးနေသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအနေနှင့် သက်ဆိုင်ရာနိုင်ငံများ၊ ဥပမာအားဖြင့် ထိုင်းနိုင်ငံအစိုးရမှ သတ်မှတ်ပြဌန်းထားသည့် နိုင်ငံခြားသား အလုပ်သမားများနှင့် သက်ဆိုင်သည့်ဥပဒေများ၊ အလုပ်သမားများ၏ အကျိုးခံစားခွင့်များနှင့် လူမှုဖူလုံရေး ရန်ပုံငွေအကျိုးခံစားခွင့်များနှင့် အလုပ်သမားများ၏ “ဆောင်ရန်၊ရှောင်ရန်” များကို စနစ်တကျ လေ့လာပြီးအလုပ်သမားများအား ပညာပေးရမည်ဖြစ်သည်။
  • မိမိတို့ ကိုယ်တိုင်လည်း သက်ဆိုင်ရာအစိုးရ များမှ သတ်မှတ်ပြဌာန်းထားသည့် စည်းမျဥ်းစည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန. ထုတ်ပြန်ထားသည့် ပုဒ်မ (၁၉) အပုဒ် (၅) တွင်၊ အတိအလင်းပြဌာန်းထားသည့် စည်းမျဥ်းစည်းကမ်းများရှိ၏။ တစ်ချို့ MoU စာချုပ်များတွင်လည်း အလုပ်သမားများအနေနှင့် (၃) ရက်ထက်ကျော်လွန်ပြီး အကြောင်းမဲ့ပျက်ကွက်ခြင်း၊ လုပ်ငန်းခွင်ထဲတွင် လူစုလူဝေးမလုပ်ရ၊ ဆန္ဒပြရန်ကြိုးစားခြင်းမပြုရ၊ စသည့် စည်းကမ်းချက်များလည်း ထည့်သွင်းထား သည်ကို တွေ့ရှိနိုင်ပါသည်။
  • အလုပ်သမားအရေးကာကွယ်ပေးနေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအနေနှင့် ကိုင်တွယ် ဖြေရှင်း ပုံ လွဲမှားခြင်း၊ အကြံပေးမှု လွဲမှားပါက မိမိတို့ ရွေ့ပြောင်းအလုပ်သမားများအနေနှင့် မိမိဖက်မှ မှန်ကန် နေသော်လည်း အမှားနှင့် ရင်ဆိုင်ရနိုင်သည်။ လုပ်ငန်းရှင်များအနေနှင့် ငွေကြေးသုံးပြီး ကျွမ်းကျင်သည့် လူ့အခွင့်အရေးအလုပ်သမားရှေ့နေများကို အသုံးပြုနေခြင်းများကိုလည်း သတိမလွတ်သင့်ပေ။မြန်မာအလုပ်သမား သံအရာရှိအများစုသည့် မိမိတို့ အလုပ်သမားများ၏ လိုအပ်သည့် ကိစ္စအဝဝ ကို ကူညီဆောင်ရွက်ပေးရန်ထက် မိမိတို့၏ အကျိုးစီးပွားအတွက်သာ လာရောက်တာဝန် ထမ်းဆောင် နေသကဲ့သို့ ဖြစ်နေသည်၊ ထင်ရှားသည့် ဥပမာတစ်ခုမှာ မြန်မာနိုင်ငံမှ စေလွှတ်လိုက်သည့် ထိုင်းနိုင်ငံသို့ လာရောက်တာဝန်ထမ်းဆောင်သည့် အလုပ်သမားသံအရာရှိသည် သိန်းပေါင်းထောင်သောင်းချီ အလွဲသုံး စားလုပ်ခဲ့သည့်အတွက် အရေးယူထောင်ကျခံရ ဖူးခဲ့ပါသည်။ အလုပ်သမားအရေးကိစ္စများကို စွမ်းစွမ်း တမံအင်နှင့်အားနှင့် လုပ်ကိုင်မှုများ အားနည်းနေသေးသည်။
  • အလုပ်သမားအရေးလုပ်ကိုင်သူ လူပုဂ္ဂိုလ် (တစ်ချို့)နှင့် အဖွဲ့အစည်းများ အနေနှင့်လည်း တစ်ခါ တစ်ရံတွင် အလုပ်သမားများ၏ အရေးကိစ္စများကို ကူညီဆောင်ရွက်ရာတွင် ကိုင်တွယ် (အကြံပေး) ဆောင်ရွက်ပုံအမှားများလည်း တွေ့ရတတ်ပါသည်။ တစ်ချို့အလုပ်သမားပြဿနာများကို လုပ်ငန်းခွင် အတွင်း ပြေလည်ရန်ဖြေရှင်းရမည့်အစား လုပ်ငန်းခွင်ပြင်ပသို့ အလုပ်သမားများကို ခေါ်ယူခြင်း၊ ထိုင်း အလုပ်သမားဥပဒေအရ သတ်မှတ်ပြဌာန်းထားသည့် စည်းမျဥ်းစည်းကမ်းများကို သွေဖီပြီး လုပ်ငန်း ဆောင်ရွက်ခြင်းတို့ သည့် အလုပ်သမားများအား ပိုမိုအကန့်အသတ် အခက်အခဲဖြစ်စေသည်။မိမိတို့ ၏အခွင့်အရေးများကို အတတ်နိုင်ဆုံး မိမိတို့ ရောက်ရှိနေသည့် စက်ရုံအလုပ်ရုံများတွင် ယှဥ်ဆိုင် တောင်းဆိုနိုင်ရန်ပထမဦးစွာကြိုးစားဆောင်ရွက်သင့်ပါသည်။ မိမိတို့ အခက်အခဲများကို လုပ်ငန်းခွင်ထဲတွင် ရင်ဆိုင်ခြင်းသည့် ပိုမိုထိရောက်သည့် အကာအကွယ်များ ရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာရွေ့ပြောင်းအလုပ်သမားအရေးကိစ္စများသည် ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းမဟုတ်ချေ၊ မခန့်မှန်းနိုင်သည့် အချိန်ကာလတစ်ခုကို ဖြတ်သန်းရဦးမည်မှာ သေချာပါသည်။
  • မိမိကိုယ်တိုင် အလုပ် သမားရေးလုပ်နေသူများ/အဖွဲ့အစည်းများဟု ဖော်ညွှန်းသတ်မှတ်သူများ၏ စနစ်တကျ စွမ်းဆောင်နိုင် မှုသည် လွန်စွာအရေးကြီးပါသည်၊မြန်မာရွေ့ပြောင်းအလုပ်သမားများသည့် ခေတ်အဆက်ဆက်၊ အစိုးရ များ၏ ကူညီဆောင်ရွက်မှုများကို ပြည့်ပြည့်ဝဝမရရှိခဲ့ပါ။ ယနေ့ကာလ နိုင်ငံရေးအခြေအနေအောက်တွင် အလုပ်သမားများ၏ ပြဿနာများကို ဖြေရှင်းနိုင်မှု လွန်စွာ ခက်ခဲလှပါသည်။ အလုပ်သမား အဖွဲ့အစည်း များ ပေါ်ပေါက်ရေးနှင့် အလုပ်သမားများအချင်းချင်း စနစ်တကျ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရေး များသည်လည်း အလုပ်သမားအခွင့်အရေးအတွက် ပဓာနကျစွာ အရေးကြီးပါသည်။ မိမိတို့အနေနှင့် အစိုးရများမှ ပြဌာန်းထားသည့် “ရှိရင်းစွဲဥပဒေများကို လေ့လာရပါလိမ့်မည်၊ လိုအပ်နေသေးသည့် ဥပဒေ များကို ဖြည့်စွက်ရန်နှင့် ရွေ့ပြောင်းအလုပ်သမားလက်ခံထားသည့် အလုပ်ရှင်နိုင်ငံများအနေနှင့် ကျင့်သုံး လာနိုင်ရန် ကြိုးစားကြရပါဦးမည်၊ ကြိုးစားဆောင်ရွက် သင့်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

X