Article

ရွှေ့ပြောင်းကလေးများ ပညာရေး တွေးဆသင့်ပါသည်

ရွှေ့ပြောင်းကလေးများ ပညာရေး တွေးဆသင့်ပါသည်

31. March .2024
ထူးချစ် – Foundation For Education and Development

၂၀၀၅ ခုနှစ်တွင် ထိုင်းလူ့အခွင့်ရေးလှုပ်ရှားတက်ကြွသူများ၊ ထိုင်းပညာရှင်များနှင့် တိုးတက်သည့် အမြင်ရှိသူ ထိုင်းနိုင်ငံရေးသမားများ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကြောင့် “ပညာရေးသည် အားလုံးအတွက်ဖြစ်ရမည် ” (Education for All) မူဝါဒကို ထိုင်းအစိုးရအနေနှင့် အတည်ပြုပြဌာန်း ခဲ့သည်။
မိမိတို့ အဖွဲ့အစည်း (FED) အပါအဝင်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ရင်သွေးငယ် များအထိ ပညာရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေနှင့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ၏ ကလေးသူငယ်များပညာရေးအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားကျောင်း များကို အခက်အခဲမျိုးစုံကြားမှ နည်းလမ်းမျိုးစုံနှင့် ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနေမှုများလည်း ရှိနေ သည်။ ထိုင်းနိုင်ငံတွင်း တစ်ချို့ဒေသများတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ ကျောင်းများကို ဒေသခံ ထိုင်းလူမျိုးများ/စီးပွားရေးလုပ်ငန်းရှင်များ၊ ထိုင်းအာဏာပိုင်များအနေနှင့် နားလည်မှုနှင့် ဖွင့်လှစ်ခွင့်ပြု ထားသော်လည်း ဒေသတချို့တွင် အုပ်ချုပ်မှုပြဿနာများနှင့် ထိပ်တိုင်ရင်ဆိုင်နေရသည်ကိုလည်း တွေ့ နေရသည်။ သိသာထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ ၂၀၁၉-ခုနှစ်၊ ထိုင်းနိုင်ငံတောင်ပိုင်းရနောင်ခရိုင်တွင်၊ မြန်မာဗုဒ္ဓ ဘာသာ ဘုန်းကြီးများဖွင့်လှစ်ခဲ့သည့် “ရနောင်းဌာနီ” မြန်မာရွှေ့ပြောင်းအလုပ်သမား၊ ကလေးငယ်များ ပညာသင်ကြားနေသည့်ကျောင်းကို ထိုင်းအာဏာပိုင်များမှ ပိတ်ခဲ့ပြီး မြန်မာဆရာ/ဆရာမများကို ဖမ်းဆီး ပြီး မြန်မာဖက်ခြမ်းသို့ ပြန်လည်ပို့ ဆောင်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့၊ ရှိခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်းကလည်း ဘန်ကောက်တွင် ဖွင့်လှစ်ထားသည့် မြန်မာရွှေ့ပြောင်းကျောင်း တစ်ကျောင်းကို ထိုင်းအစိုးရ၊ပညာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီမှု မရှိဟု အကြောင်းပြချက်နှင့် ပိတ်ပင်ခံခဲ့ရသည်။ အလားတူ တစ်ချို့ မြန်မာရွှေ့ပြောင်းကျောင်များလည်း ပိတ်ပင် ခံနေရသည့် အခြေအနေများကိုလည်း ကြားသိနေရသည်။

၂၀၂၃ နှစ် အတွင်းတွင်လည်း ဘန်ကောက်မြို့အနီး အန်ထောင်ခရိုင်အတွင်းရှိ ထိုင်းအစိုးရ ကျောင်းတွင် ပညာသင်ကြားနေကြသည့် မြန်မာရွှေ့ပြောင်းကလေးငယ် (၁၂၆) ဦးအား ချင်းရိုင်ခရိုင်သို့ ပြန်ပို့ခံခဲ့ရသကဲ့သို့ မတ်လ (၁၂) ရက်နေ့ ၂၀၂၄ ခုနှစ်အတွင်း ဘန်ကောက်မြိုအနီး လွတ်ပူရီ ဘုန်းကြီး ကျောင်းပညာရေးအစီအစဥ်တွင် သင်ကြားနေသည့် အသက်(၅) နှစ်မှ (၁၇) နှစ် အရွယ်ရှိ ရွှေ့ပြောင်း မိသားစုများ၏ သားသမီးများဖြစ်သည့် ကျောင်းသူ ကျောင်းသား (၁၉) ယောက်အား ထိုင်းအာဏာပိုင် များက မြန်မာနိုင်ငံနယ်စပ်၊ ချင်းရိုင်ခရိုင်သို့ ပြန်လည်ပို့ဆောင်ရန် ဖိအားပေးခဲ့သည်။

ထိုင်းနိုင်ငံတွင် ရာနှင့်ချီသည့် မြန်မာရွှေ့ပြောင်းကလေးငယ်ကျောင်းများ ရှိနေသကဲ့သို့ ထောင်နှင့် ချီသည့် ကျောင်းသားလေးတွေလည်း ထိုင်းနိုင်ငံ အနှံအပြားမှာ ရှိနေကြတာဖြစ်ပါသည်။ မိမိတို့ အဖွဲ့ အစည်း၏ ပညာရေးမူဝါဒတစ်ခုတွင် မြန်မာရွှေ့ပြောင်းကျောင်းသားလူငယ်များကို ထိုင်းအစိုးရကျောင်း များတွင် တရားဝင် လေ့လာသင်ယူနိုင်ရေး အစီအစဉ်ဖြစ်ပါသည်။ထိုင်းအစိုးရကျောင်းများတွင် လေ့လာ သင်ယူခွင့်ရရှိခြင်းဖြင့် အဆင့်မြင့်ပညာရပ်များနှင့် တက္ကသိုလ်ပညာကို စျေးနှန်းချိုသာစွာဖြင့် ထိုင်း ကျောင်းသားများနည်းတူ တန်းတူရည်တူ လေ့လာဆည်းပူးသင်ယူခွင့် ရှိမည်ဖြစ်ပါသည်။ မြန်မာ ရွှေ့ပြောင်းကျောင်းများအနေနှင့် ထိုင်းဆရာ/ဆရာမများကို ငှားရမ်းပြီး ထိုင်းစာကို စနစ်တကျသင်ကြား သင့်သည်။ ထိုင်းစာ တတ်မြောက်ကျွမ်းကျင်သည့် ကျောင်းသား/ကျောင်းသူများကိုလည်း ထိုင်းကျောင်း များတွင် ဆက်လက်ပညာသင်ကြားနိုင်ရန် ကူညီဆောင်ရွက်ပေးသင့်သည်။
ထိုင်းအစိုးရပညာရေးဝန်ကြီး ဌာနအနေနှင့်လည်း လွန်ခဲ့သည့် ၂၀၂၄ ဖေဖေါ်ဝါရီလအတွင်းက ထိုင်းအစိုးရကျောင်းများအနေနှင့် ရွှေ့ပြောင်းကျောင်းသားများကို ကျောင်းအပ်လက်ခံပေးရန် ထပ်မံညွှန်ကြားမှုများ ထုတ်ပြန်ထားပြီး ဖြစ် သည်။ မြန်မာအာဏာပိုင် အဆက်ဆက်နှင့် ထိုင်းအာဏာပိုင်တို့အနေဖြင့် မြန်မာရွှေ့ပြောင်း ကျောင်းများ အပေါ် စေတနာ မှန်မှန်ကန်ကန် ကူညီဆောင်ရွက်ပေးသင့်သည်။ အလားတူ လာအို၊ ကမ္ဘောဒီးယား။ ဗီယက်နမ်
စသည့် အိမ်နားနီးချင်းနိုင်ငံများ၏ ရွှေ့ပြောင်းကျောင်းများအပေါ် ထိုင်းအာဏာပိုင်တို့ အနေ ဖြင့် သုံးသပ် အဖြေရှာသင့်ပါပြီ။

ရွှေ့ပြောင်းအလုပ်သမားပညာရေး လုပ်ကိုင်နေကြသည့် မြန်မာအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အနေဖြင့်လည်း ထိုင်းအစိုးရကျောင်းများသို့ မြန်မာကျောင်းသားလူငယ်များကို ပို့ဆောင်ပေးခြင်းထက် ကိုယ်ပိုင်မြန်မာရွှေ့ပြောင်းကျောင်းများ တည်ထောင်လိုသူတွေက အများစုဖြစ်နေသည်ကို မြင်တွေ့နေ ရ၏။ မိမိတို့အနေနှင့် ထိုင်းအစိုးရကျောင်းများသို့ ပေါင်းကူးကြပါရန်​ အကြံပေးခဲ့သော်လည်း အများစုမှာ အကြောင်း အမျိုးမျိုးပြပြီး လက်မခံ ငြင်းဆန်ခဲ့ကြ၏။ မြန်မာရွှေ့ပြောင်းကျောင်းများအနေနှင့် မိမိတို့ အဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများကို ပြန်လည်စိစစ်ပြီး ရွှေ့ပြောင်းကျောင်းသူ ကျောင်းသားများအား ထိုင်းအစိုးရကျောင်းများတွင် ကျောင်းဝင်ခွင့် ရရှိရန်နှင့် ထိုင်းဆရာ ဆရာမများ ငှားရမ်းပြီး ထိုင်းဘာသာ စကားနှင့် ထိုင်းစာကို စနစ်တကျ ပြင်ဆင် လေ့လာ သင်ယူသင့်သည်။​ ထိုင်းအစိုးရအနေနှင့် ရွှေ့ပြောင်း ကလေးငယ်များပညာရေးကို ထိုင်းကလေးများနှင့် တန်းတူအခွင့်အရေးပေးထားသည်။ ထိုင်းနိုင်ငံ ပညာ ရေး ဝန်ကြီးဌာနအနေနှင့်လည်း ထိုင်းအစိုးရကျောင်းများတွင် ရွှေ့ပြောင်းကျောင်းသားများ လက်ခံရန် ထပ်မံ ညွှန်ကြားထားပြီးဖြစ်သည်။ ထိုင်းအစိုးရကျောင်းများတွင် ဘာသာဗေဒကို သင်ယူလေ့လာခြင်း အားဖြင့် မြန်မာရွှေ့ပြောင်း ကျောင်းသားလူငယ်များအနေနှင့် အဆင့်မြင့်တက္ကသိုလ်ပညာရပ်များအထိ သင်ကြားနိုင်ပါလိမ့်မည်၊ အသက်မွေးဝမ်းကျောင်းကောလိပ်များတွင် ပညာသင်ကြားနိုင်ပါသည်၊ မည်သို့ သော အခြေအနေဖြစ်စေကာမူ ​ထိုင်းအစိုးရပညာရေးစနစ်သည် မိမိတို့ ရွှေ့ပြောင်းပညာရေးစနစ်ထက် ရည်ရှည် တည်တံ့ခိုင်မြဲနိုင်ပါသည်၊ အဆင့်မြင့်ပညာရပ်များကို ကမ္ဘာနဲ့ ရင်ဘေင်းတန်း မြှင့်တင်နေမှု များကို လေ့လာပြီး မြန်မာနိုင်ငံသားများအနေနှင့် ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများကို ရရှိ နိုင်မည်ဖြစ်ပါသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အနေနှင့် ဖန်ငခရိုင်အတွင်း ၂၀၂၃ -၂၄ ပညာသင်နှစ်အတွင်း ထိုင်းအစိုးရကျောင်း (၄၂) ကျောင်းတွင် မြန်မာရွှေ့ပြောင်းကျောင်းသားလူငယ် (၅၀၂) ဦးကို ပညာသင်ကြားပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့၏။ ၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင်လည်း GED/ ULC ကျောင်းတို့တွင် တက်ရောက်သင်ကြားနေပြီး ထိုင်းစာတတ်မြောက်ပြီးသည့် ကျောင်းသား ကျောင်းသူ တစ်ရာကျော်ကို ထိုင်းအစိုးရကျောင်းများသို့ ပို့ဆောင်မည်ဖြစ်သည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေနှင့် မိမိတို့သားသမီးများ၏ ရေရှည်ပညာရေး၊ လူမှုဘဝလုံခြုံရေးနှင့် အနာဂတ် ရေးတို့ကို ရှေ့ရှုမျှော်မြင်ပါက မိမိတို့၏ သားသမီးများကို ထိုင်းအစိုးရကျောင်းများတွင် စနစ်တကျ ကျောင်းအပ်နိုင်ရန် ကြိုးစားသင့်ကြောင်းနှင့် ရွှေ့ပြောင်းပညာရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများ အနေနှင့်လည်း မြန်မာရွှေ့ပြောင်းကလေးငယ်များအား နည်းမှန်လမ်းမှန်နှင့် စနစ်တကျ ထိုင်းအစိုးရ ကျောင်းများတွင် ကျောင်းတက်နိုင်ရေး ပြင်ဆင်ထားနိုင်ရန် ကြိုးစား ပြင်ဆင်သင့်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

#ရွှေ့ပြောင်းလုပ်သား
#ပညာရေး
#ထိုင်းပညာရေး
#education
#ThaiEducation

Leave a Reply

Your email address will not be published. Required fields are marked *

X