Labor

လုပ်အားခပြဿနာကြောင့် စက်ရုံတချို့လုပ်သားခေါ်ယူရာမှာအခက်တွေ့

လုပ်အားခပြဿနာကြောင့် စက်ရုံတချို့လုပ်သားခေါ်ယူရာမှာအခက်တွေ့

ဇွန် ၁၄ ရက်
အရုဏ်ဦး၊ Migrant Times
  • လုပ်ခတိုးပေးသူတွေကို အရေးယူတဲ့သတင်းတွေကြောင့် လုပ်သားလိုအပ်ချက်ရှိလို့ လုပ်ခပိုပေးပြီးလူစုဆောင်းနေရတဲ့စက်ရုံတွေအနေနဲ့အခက်တွေ့လာရတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီကသိရပါတယ်။စစ်ကောင်စီက ဝန်ထမ်းတွေကို လစာတိုးပေးတဲ့ လုပ်ငန်းရှင် တချို့ကို အရေးယူတဲ့ဖြစ်ရပ်ရှိလာခဲ့ပြီးနောက် စက်ရုံတချို့အနေနဲ့ လုပ်အားခဖော်ပြပြီး လူစုဆောင်းဖို့ခက်ခဲလာတာလို့ ဆိုပါတယ်။”အလုပ်သမားကလိုသလောက်မရသေးဘူး။ လိုင်းပေါ်ကနေ လူခေါ်တဲ့ကြော်ငြာတင်ဖို့ကျတော့လည်းအခုဖြစ်နေတဲ့ပြဿနာတွေလို အမှုပတ်မှာကြောက်လို့ မတင်ရဲဘူး။အလုပ်သမားတွေချင်းပဲ လူချိတ်ဆက်ရှာခိုင်းနေရတယ်”လို့ ရွှေပြည်သာမြို့နယ်ရှိအထည်ချုပ်စက်ရုံမန်နေဂျာတစ်ဦးကပြောပါတယ်။
  • လက်ရှိမှာ အသစ်ဖွင့်လှစ်မယ့်စက်ရုံတွေနဲ့ စက်လိုင်းတိုးချဲ့မယ့်စက်ရုံတွေအနေနဲ့ ကျွမ်းကျင်လုပ်သားလိုအပ်ချက်များနေတာဖြစ်ပါတယ်။ဒါကြောင့် သင်္ကြန်ပိတ်ရက်အပြီး စက်ရုံတချို့ဟာ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်အစား ၅၅၀၀ ကျပ်ကနေ ၇၅၀၀ကျပ်အထိ တိုးပေးပြီးလုပ်သားခေါ်ယူစုဆောင်းနေရတာဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေဆီကသိရပါတယ်။အခုလို လုပ်ခတိုးပေးသူတွေကိုဖမ်းဆီးအရေးယူတဲ့သတင်းကြောင့် စက်ရုံတွေအနေနဲ့ ပေါ်ပေါ်တင်တင်ကြေညာပြီးလူခေါ်ယူမှုရပ်သွားနိုင်ပေမယ့် လုပ်ခကိုတော့ တိုးမပေးဘဲ လည်ပတ်ဖို့မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
  • “လုပ်ခတိုးပေးနေတာတောင်ကျွမ်းကျင်လုပ်သားရဖို့ခက်နေတာဆိုတော့ ဖူလုံတဲ့လုပ်အားခမပေးနိုင်ရင် လည်ပတ်ဖို့ခက်မှာပဲ။အလုပ်သမားတွေကလုပ်အားခပိုရတဲ့နိုင်ငံတွေဆီထွက်နေကြပြီ။အခုကျန်တဲ့သူတွေဆိုတာကလည်း ထွက်ခွင့်ရရင်ထွက်မယ့်သူတွေပဲ”လို့သူကပြောပါတယ်။လက်ရှိမြန်မာနိုင်ငံကသတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေနှုန်းထားဟာ တစ်ရက်ကို ၄၈၀၀ကျပ်ဖြစ်ပြီး ၂၀၂၃နှစ်ကုန်ပိုင်းကမှ ထောက်ပံ့ကြေးကျပ် ၁၀၀၀ ထပ်ဆောင်းပေးဖို့သတ်မှတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X