International

ယူအေအီးနိုင်ငံကို အလုပ်သမားလိမ်လည်ပို့ဆောင်မှုတွေရှိနေပေမယ့် သွားချင်သူများနေ

ယူအေအီးနိုင်ငံကို အလုပ်သမားလိမ်လည်ပို့ဆောင်မှုတွေရှိနေပေမယ့် သွားချင်သူများနေ
အောက်တိုဘာ ၁၃ ရက်၊ Migrant Times
ယူအေအီးနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ပို့ဆောင်တာတွေရှိနေပေမယ့် သွားရောက်လုပ်ကိုင်ချင်သူတွေကများနေဆဲဖြစ်တယ်လို့ အေဂျင်စီတွေနဲ့ပြည်ပအလုပ်ရှာနေသူတွေက သိရပါတယ်။
ယူအေအီးနိူင်ငံ၊ဒူဘိုင်းမြို့တော်မှာ အလုပ်ရမယ်ဆိုပြီး အမည်ခံအေဂျင်စီတချို့နဲ့ပွဲစားတွေက လိမ်လည်စေလွှတ်မူကြောင့် မြန်မာလုပ်သားအများအပြားအဲဒီနိူင်ငံမှာဒုက္ခရောက်နေကြပြီးဆက်ပြီးထွက်နေကြသူတွေလည်းရှိတယ်လို့သူတို့က ဆိုပါတယ်။
“ဒီလောက်လိမ်နေပါတယ်လို့သတိပေးနေလည်းသွားချင်တဲ့သူတွေကနားမဝင်ဘူး။အခုလည်းထွက်နေကြတာပဲ။အဲဒီလိုသူတွေရှိတော့လိမ်တဲ့သူအကြိုက်ဖြစ်နေတာပေါ့”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသတွေဟာ လုပ်ငန်းကဏ္ဍအလိုက်ကျွမ်းကျင်လုပ်သားတွေကိုသာ အဓိကတရားဝင်ခေါ်ယူနေသလို ခေါ်တဲ့အရေအတွက်ကလည်း အနည်းငယ်သာဖြစ်တယ်လို့ အေဂျင်စီတွေက ပြောပါတယ်။
လက်ရှိမှာ သန့်ရှင်းရေး၊ အိမ်အကူစတဲ့အောက်ခြေလုပ်ငန်းတွေလုပ်ရမယ်ဆိုပြီး အလုပ်သမားစုဆောင်းပို့နေကြတာဖြစ်ပြီး အဲဒီလုပ်ငန်းတွေအတွက် အလုပ်သမားပို့ခွင့်တရားဝင်ခွင့်ပြုပေးထားတာမရှိဘူးလို့လည်း အေဂျင်စီတွေထံက သိရပါတယ်။
“တချို့က အလုပ်ရဖို့အဓိကဆိုပြီး ထွက်တာ။အလည်ဗီဇာနဲ့ထွက်ကြတာ။အသိထဲက အဲဒီလိုထွက်သွားသူတွေရှိတယ်။အလုပ်ရမရတော့မသိဘူး”လို့ ပြည်ပကိုသွားရောက်လုပ်ကိုင်ဖို့လေ့လာနေသူတစ်ဦးက ပြောပါတယ်။
ဒူဘိုင်းမှာ အလုပ်ရမယ်ဆိုပြီး အဲဒီရောက်မှ အလုပ်သမားတွေရဲ့ပတ်စ်ပို့သိမ်းကာ အပြင်ထွက်ခွင့်မပေးဘဲ ပိတ်လှောင်ထားတဲ့ဖြစ်စဥ်တွေ မကြာခဏရှိနေတယ်လို့ အလုပ်သမားအရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။
အဲဒီနောက် အရှေ့အလယ်ပိုင်းဒေသတွင်းတခြားနိုင်ငံတွေဆီ ထပ်ပို့တာ၊ရောင်းစားတာတွေလည်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလအတွင်းက အဲဒီလို ပိတ်လှောင်ခံထားရတဲ့ မြန်မာလုပ်သားအမျိုးသမီးတချို့ အွန်လိုင်းက ဆက်သွယ်အကူအညီတောင်းတာကြောင့်ကယ်တင် လိုက်နိုင်ပြီး စေလွှတ်သူတချို့ကိုဖမ်းဆီးခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။
ဒါပေမယ့် အလားတူ ပိတ်လှောင်၊ရောင်းစားခံနေရသူအများအပြားဆက်ရှိနေပြီး အကူညီတွေလိုအပ်နေတယ်လို့ ဒူဘိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီနေသူတွေက ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေအရနဲ့ အလုပ်အကိုင်ရှားပါးနေတာကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကိုင်ချင်သူတွေ ပိုမိုးများပြားနေပါတယ်။
ဒါကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုလည်း တရားမဝင်လမ်းကြောင်းတွေကနေ နေ့စဥ်ဝင်ရောက်နေကြပြီး လမ်းမှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
အလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ တရားဝင်လမ်းကြောင်း‌ကနေပဲ လာရောက်ကြဖို့ တိုက်တွန်းနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X