Economy Labor

လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်က မြန်မာလုပ်သားတွေရဲ့ဘဝ

လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်က မြန်မာလုပ်သားတွေရဲ့ဘဝ

|ဆောင်းပါး| Migrant Times
တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးလည်း ပြီးဆုံးသွားပါပြီ။ ကမ္ဘာ့ဖလားရရှိသွားတဲ့ အာဂျင်တီးနားအသင်းရဲ့ အောင်ပွဲခံမှု၊ ပရိသတ်တွေရဲ့ ပျော်ရွှင်မှုတွေကို လူမှုကွန်ရက်တွေပေါ်မှာ အချိန်နဲ့အမျှ မြင်တွေ့နိုင်ပါတယ်။
နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ တစ်လနီးပါးကြာမြင့်ခဲ့တဲ့ ပြိုင်ပွဲတစ်လျှောက် နိုင်ငံအသင်းပေါင်း ၃၂ သင်း ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ အဲဒီပြိုင်ပွဲကြီးတစ်လျှောက်လုံး ဘောလုံးသမားတွေရဲ့ ကိုယ်ပေါ်မှာ မြင်တွေ့ရတဲ့ အားကစားဝတ်စုံအကြောင်းအပါအဝင် လူကြီးမင်းတို့ တန်ဖိုးထားဝတ်ဆင်နေကြတဲ့ နာမည်ကျော် အမှတ်တံဆိပ်အချို့အကြောင်း ပြောကြရအောင်ပါ။
အားကစားနဲ့ ပတ်သက်တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေက ပြိုင်ပွဲဝင်အသင်းတွေကို စပွန်ဆာပေး ဝတ်ဆင်စေတာပါ။ ပြိုင်ပွဲဝင် ၃၂ သင်းရှိတဲ့ထဲက နိုင်ငံအသင်း ၇ သင်းက Adidas အမှတ်တံဆိပ်ကို ဝတ်ဆင်ခဲ့ပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို အနိုင်ယူပြီး ချန်ပီယံဖြစ်သွားတဲ့ အာဂျင်တီးနား အသင်းဝတ်ဆင်တဲ့ အင်္ကျီဟာ Adidas အမှတ်တံဆိပ်ပါ။ အဲဒီအမှတ်တံဆိပ်က အင်္ကျီတချို့နဲ့ ဖိနပ်တွေဟာ မြန်မာနိုင်ငံမှာ ချုပ်လုပ်တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး New York Times သတင်းစာက ဒီဇင်ဘာလဆန်းပိုင်းမှာ Who Made Your World Cup Jersey? ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ မြန်မာနိုင်ငံကနေ Adidasရဲ့ ထုတ်ကုန်တွေကို တာဝန်ယူ ထုတ်လုပ်ပေးနေတဲ့ Pou Chen Group ပိုင် စက်ရုံမှာဖြစ်နေတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လုပ်ခလစာတွေအကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။
မြန်မာမီဒီယာတွေက “ကမ္ဘာ့ဖလားရဲ့ တန်ဖိုးကြီး ဘောလုံးဂျာစီတွေ နောက်ကွယ်က အမေ့လျော့ခံ၊ အမြတ်ထုတ်ခံ ဘဝများ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာပြန်ထားတာတွေလည်း ရှိပါတယ်။
အမေရိကန်ဒေါ်လာ ၂၀၀ အထိ တန်ဖိုးရှိတဲ့ Adidas ဖိနပ်တွေကို မြန်မာနိုင်ငံက အထည်ချုပ်လုပ်သားတွေဟာ တစ်နေ့ကို ၂ ဒေါ်လာသာသာ လုပ်အားခနဲ့ ချုပ်လုပ်နေကြတာဖြစ်ပါတယ်။
အရပ်သားအစိုးရကာလ တစ်လျှောက်ဖွံ့ဖြိုးခဲ့တဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားပေါင်း ၇ သိန်းထိ အလုပ်အကိုင်ရရှိခဲ့တာပါ။
ကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ Adidas၊ Zara၊ H&M တို့အပါအဝင် Action Collaboration Transformation (ACT) အဖွဲ့ဝင်တွေထဲက ကုမ္ပဏီ ၁၀ ခုဟာ မြန်မာနိုင်ငံမှာ ချုပ်လုပ်ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ဒီဇင်ဘာလကစပြီး အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာရပ်တည်ခွင့်မရတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေကြောင့် ACTဟာ မြန်မာနိုင်ငံက ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်ဟာ အလုပ်သမားတွေတင်မက အထည်ချုပ်လုပ်ငန်းရှင်တွေကိုပါ ထိတ်လန့်စေခဲ့ပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီတွေဟာ ချိုးဖောက်ခံနေရတဲ့ အလုပ်သမားအခွင့်အရေးတွေကို အခုထိတိုင် လျစ်လျူရှုနေကြတာပါ။
ထင်ရှားလှတဲ့ Adidas၊ Zara၊ H&M တွေကိုချုပ်လုပ်တဲ့ စက်ရုံတွေဟာ ၂၀၂၂ ဇူလိုင်လကစပြီး အလုပ်သမား အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာကြတဲ့အပြင် H&M အမှတ်တံဆိပ်ကို ချုပ်လုပ်တဲ့ စက်ရုံဆိုရင် စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးက မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို အလုပ်ထုတ်ပစ်တာမျိုးအထိ ပြုလုပ်ခဲ့ပါတယ်။
Adidas
Adidas အမှတ်တံဆိပ်ကို တာဝန်ယူချုပ်လုပ်နေတဲ့ မြန်မာပေါင်ချိန်က အလုပ်သမားတွေဟာ စက်တင်ဘာ ၅ ရက်ကတည်းက မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ကာမိဖို့ အနည်းဆုံး လုပ်ခလစာတိုးပေးဖို့ လုပ်ငန်းခွင်အတွင်း တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တောင်းဆိုချက် ၂၂ ချက်ပါဝင်ပေမယ့် အလုပ်သမားတွေ အဓိကလိုချင်ခဲ့တာက လုပ်ခလစာတိုးမြှင့်ပေးဖို့ပါပဲ။
တောင်းဆိုမှုတွေကနေ အောက်တိုဘာလ ၂၅ ရက်မှာတော့ အလုပ်သမား နှစ်ထောင်ဝန်းကျင်ပါဝင်တဲ့ စက်ရုံတွင်းဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီဆန္ဒပြမှုတွေကို စစ်တပ်က ကိုင်တွယ်ဖြေရှင်းခဲ့ပြီး အလုပ်ရှင်က အလုပ်သမားခေါင်းဆောင် ၂၆ ယောက်ကို အလုပ်ကနေထုတ်ပစ်ခဲ့ပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ခွင့်ရဖို့ကို ထပ်တိုးတောင်းဆိုခဲ့ပြီး Adidas ကလည်းကြားဝင် ဖြေရှင်းမှုတွေ ပြုလုပ်ပေးနေပေမယ့် အလုပ်ရှင်ဘက်က လုံးဝသဘောထား တင်းမာနေတာလည်း ဖြစ်ပါတယ်။
Zara
Zara ရဲ့ထုတ်ကုန်တွေကိုချုပ်လုပ်ပေးနေတဲ့ ရွှေပြည်သာက စိမ့်သာမင်း စက်ရုံက အလုပ်သမား ၁၇ ယောက်ကို အောလင်း (ညလုံးပေါက်ခေါ်တဲ့ အိုတီ) မဆင်းလို့ဆိုပြီး စက်တင်ဘာလ ၁၆ ရက်က အလုပ်ကထုတ်ပစ်လိုက်ပါတယ်။
အော်ဒါတွေ အရေးတကြီးဖြစ်လာရင် အလုပ်သမားတွေကို ညလုံးပေါက် အိုတီခေါ်ပေမယ့် အိုတီကြေးမရတဲ့အပြင် ထမင်းကျွေးတာ၊ ဖယ်ရီစီစဉ်ပေးတာတောင် မရှိဘူးလို့ FGWM ကိုတိုင်ကြားလာတဲ့ စာမှာဖော်ပြထားပါတယ်။
စက်တင်ဘာလ ၁၆ ရက်ကတည်းက အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား ၁၇ ယောက်ရဲ့ အမှုဟာ အခုချိန်ထိ ပြေလည်မှုမရသေးပါဘူး။ အခြားသော အလုပ်သမားတွေလည်း အလုပ်ထုတ်ခံရမှာစိုးတာကြောင့် ငြိမ်နေကြပေမယ့် အိုတီကြေးကိုတော့ အပြည့်အဝ လိုချင်ကြတယ်လို့ FGWM က တာဝန်ခံ မစမ်းစမ်းက ပြောပါတယ်။
H&M
H&M အမှတ်တံဆိပ်ကို ချုပ်လုပ်ပေးနေတဲ့ ZHEJIANG TONGLI CLOTHING (MYANMAR) စက်ရုံကတော့ တရုတ်နိုင်ငံသားပိုင်တဲ့စက်ရုံပါ။ ဒီစက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေထဲက စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီး အမှတ်အသားဖြစ်တဲ့ ၅/၊ ၈/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေကို အလုပ်ကထုတ်ပစ်ခဲ့ပါတယ်။
အထက်ကညွှန်ကြားလို့ဆိုတဲ့ စကားတစ်ခွန်းနဲ့ အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား ၁၀၀ ကျော်ရှိခဲ့ပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာချိန်မှာ ပိုင်ရှင်ဖြစ်သူက ဒီဖြစ်စဉ်ကို သူမသိခဲ့ဘူးလို့ဆိုပြီး အလုပ်သမားတချို့ကို အလုပ်ပြန်ခန့်ခဲ့ပါတယ်။
အလုပ်ရှင်ဘက်က သူမသိရဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ပြီးဆုံးသွားခဲ့တဲ့ ဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲကို ဆက်စုံစမ်းလို့ မရခဲ့ပါဘူး။
မျက်ကွယ်ပြုခံထားရတဲ့ ဘဝတွေ တကယ်တော့ မြန်မာနိုင်ငံကနေ နာမည်ကြီး အမှတ်တံဆိပ်တွေ ချုပ်လုပ်ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေကို အလုပ်သမားအခွင့်အရေးတွေကို ကာကွယ်ပေးဖို့အတွက် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့လိုတယ်လို့ ပြည်ပအခြေစိုက် စီးပွားရေးနှင့်လူ့အခွင့်အရေးအရင်းအမြစ်ဌာနက ဇူလိုင်လတုန်းက တိုက်တွန်းခဲ့ပါတယ်။
ဒီဌာနကနေ ဘရန်းတွေကိုချုပ်လုပ်ပေးနေတဲ့ စက်ရုံ ၃၂ ရုံအပါအဝင် အထည်ချုပ် စက်ရုံပေါင်း ၇၀ က အထည်ချုပ်လုပ်သား ၆ သောင်းကျော်ရဲ့ အမှုပေါင်း ၁ ရာကျော်ကို စိစစ်လေ့လာပြီး အချက်အလက်တွေ စုဆောင်းကာ အစီရင်ခံစာတစ်စောင်လည်း ထုတ်ပြန်ခဲ့ပါသေးတယ်။
အထည်ချုပ်စက်ရုံတွေရဲ့ အလုပ်သမားရာခိုင်နူန်းအများစုဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ ဒီအမျိုးသမီးအများစုဟာလည်း နယ်ကနေလာရောက်ကြပြီး မိသားစုကို ထောက်ပံ့နေကြတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေခံလုပ်ခလစာဟာ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ်ပါ။ ဒီနူန်းထားဟာ လက်ရှိမြန်မာနိုင်ငံမှာ အဟာရ ပြည်မီတဲ့ ဆန် တစ်ပြည်ပဲရနိုင်ပါတယ်။ ဒီအတွက် အလုပ်သမားတွေဟာ အိုတီကိုမျှော်ရပါတယ်။ အိုတီကြေးရမှသာ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်မှာပါ။ ဒါပေမယ့် အိုတီခေါ်ပြီး အိုတီကြေးမရတဲ့အခါ။ အိုတီကြေးမရလို့ တောင်းဆိုကြတဲ့အခါ အလုပ်ထုတ်ခံရပါတယ်။
အလုပ်သမား အသင်းအဖွဲ့တွေကို အလုပ်ရှင်ဘက်က ဖွဲ့စည်းပြီး အလုပ်သမား တောင်းဆိုလှု ပ်ရှားမှုတွေ လုပ်လို့မရအောင် ထိန်းချုပ်ထားတဲ့အပြင် အလုပ်သမား အခွင့်အရေး၊ လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုတဲ့ အလုပ်သမား ခေါင်းဆောင်တွေကို အလုပ်ထုတ်တာ၊ အခြားသော လုပ်ငန်းခွင်တွေမှာပါ ဝင်ခွင့်မရအောင် ဆောင်ရွက်တာတွေ ရှိနေပါတယ်။
အလုပ်သမားဝန်ကြီးဌာနက အနည်းဆုံးအခကြေးငွေကို ပြင်ဆင်သတ်မှတ်ထုတ်ပြန်မယ်လို့ ဒီဇင်ဘာ လဆန်းပိုင်းက ကြေညာခဲ့ပြီး အနည်းဆုံးအခကြေးငွေဟာ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေ ၇၂၀၀ ကျပ်ဖြစ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုမျိုးတိုးမြှင့်သတ်မှတ်ဖို့ကို အလုပ်ရှင်တွေက ကန့်ကွက်နေတာကြောင့် အခုချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဝန်ကြီးဌာနအတွင်းပိုင်း သတင်းတွေအရ သိရပါတယ်။
ဘယ်လိုဖြေရှင်းကြမလဲ။
ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုတာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ဖြစ်နိုင်ခြေ မရှိတာကြောင့် အထည်ချုပ်စက်ရုံတွေကို အော်ဒါအပ်နေတဲ့ ကုမ္ပဏီတွေက အလုပ်သမား အခွင့်အရေး အပြည့်အဝမပေးရင် ဆက်ပြီး အလုပ်တွဲမလုပ်သင့်တော့ဘူးလို့ အလုပ်သမားရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေအားလုံးက တညီတညွတ်တည်း မှတ်ချက်ပြုကြပါတယ်။
မြန်မာနိုင်ငံရဲ့ အထည်ချုပ်စက်ရုံတွေကထွက်လာတဲ့ အဝတ်အထည်၊ အသုံးအဆောင်တွေဟာ ကမ္ဘာအနှံ့ကို ခြေဆန့်ကြပါတယ်။
လူကြီးမင်းတို့ ခန္ဓာကိုယ်ပေါ်က အဝတ်အထည်အသုံးအဆောင်တွေဟာ မြန်မာနိုင်ငံက အထည်ချုပ် အလုပ်သမားတွေရဲ့ စားဝတ်နေရေးနဲ့ အခွင့်အရေးကို ပါးပါးလှီးထားတဲ့ ပစ္စည်းတွေဖြစ်နေနိုင်မလားဆိုတာ…..
(ဆောင်းပါးပါ အချက်အလက်တွေဟာ စာ‌ရေးသူအနေနဲ့ အလုပ်သမားရေး သတင်းများကို အစဉ်တစိုက် လေ့လာရေးသားရင်း စုဆောင်းထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။)
ဓာတ်ပုံ- deviantart. com

Leave a Reply

Your email address will not be published. Required fields are marked *

X